Tuesday, February 18, 2020

အစာအိမ်နဲ့ ကျန်တဲ့ ကလီစာတွေ အငြင်းပွားခြင်း

အစာအိမ်နဲ့ ကျန်တဲ့ ကလီစာတွေ အငြင်းပွားခြင်း
---------------------------------------------------------

   အင်္ဂလိပ်ဖတ်စာတစ်အုပ်က လူ့ခန္ဓာကိုယ်မှာ ကလီစာတို့ရဲ့ရန်ပွဲဆိုတာလေးကို
မှတ်သားစရာလေးအနေနဲ့ ပြောချင်ပါတယ်။

   ခေါင်းစီးကတော့ အစာအိမ်နဲ့ ကျန်တဲ့ ကလီစာတွေ အငြင်းပွားခြင်း တဲ့။ လူ့ခန္ဓာကိုယ်ထဲမှာ
အငြင်းပွားတာ၊ အငြင်းပွားရင် ဘာဖြစ်သလဲဆိုတာကို ပြတာ။ အားလုံးသိတဲ့အတိုင်းပဲ။
လူတွေဟာ နေ့စဉ်နေ့တိုင်းစားကြတယ်။ တန်ဖိုးကြီးကြီးပေးပြီးတော့ စားကြတယ်၊ သောက်ကြတယ်၊
စားသမျှတွေ ဘယ်ရောက်သွားသလဲ ဆိုတော့ အစာအိမ်ထဲ ရောက်သွားတယ်။
အားလုံးဟာ လူတွေစားတာ အစာအိမ်ထဲ ရောက်သွားတာ။ အဲဒီစားဖို့ အစာတွေကို
ဘယ်သူကကြည့်ပေးတာတုန်းဆိုတော့ မျက်စိက ကြည့်ပေးတာ။ ဘယ်သူကယူပေးတာတုန်းဆိုတော့
လက်က ယူပေးတာ။ အဲဒီအစာရှိတဲ့နေရာကို ရောက်အောင်သွားတာ ဘယ်သူတုန်းဆိုတော့ ခြေထောက်။
အဲဒါအကျိုးတူ ပူပေါင်းမလုပ်ဘဲနဲ့ သဘောထားတွေ ကွက်လာရင် ဘယ်လိုဖြစ်မလဲ။
မျက်စိတို့ ခြေထောက်တို့၊ လက်တို့က အတွေးတစ်မျိုးပေါ်လာတယ်။ မျက်စိက ဘယ်နေရာအစာရှိတယ်ဆိုတာ
ငါ ကြည့်ပေးရတယ်။ ပြီးတော့ ငါလည်း မစားရဘူး၊ ခြေထောက်ကလည်း အစာအဟာရရှိတဲ့နေရာ ငါက
သွားပေးရတယ်၊ သွားသာသွားရတာ ငါလည်း မစားရဘူး၊ လက်ကလည်းပဲ အစားအစာတွေ ငါက ယူပေးရတယ်။
ဒါပေမဲ့ ငါ့ဆီမှာ တစ်ခုမှမရှိဘူး၊ အားလုံးထဲမှာ အစာအိမ်ဆိုတဲ့အကောင်က လက်ဝါးကြီးအုပ်သွားတာ။ သူထဲချည်း
အကုန်ရောက်သွားတယ်။ ပုံပြင်လေးတစ်ခုပေါ့။ အဲဒီလိုလုပ်ပြီးတော့ မကျေနပ်ဘူး။ အစာအိမ် လူပါးဝတယ်။
မကျေနပ်ဘူး၊ ခြေထောက်ကလည်း ဆန္ဒပြတယ်။ အစာရှိတဲ့ဆီ သွားမပေးဘူး၊ မျက်လုံးကလည်း ကြည့်မပေးတော့ဘူး။
လက်ကလည်း ယူမပေးဘူး။ သူတို့က ဖြတ်လေးဖြတ်နဲ့ ဖြတ်လိုက်ကြတာ။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် တစ်ပတ်
ကျော်လာတဲ့အခါ ဘာဖြစ်လာတုန်းဆိုတော့ အစာအိမ်ထဲ အစာမရောက်တော့ လက်ကလည်း မသယ်ချင်တော့ဘူး။
အားတွေပြတ်လာပြီ။ ခြေထောက်ကလည်း မကြွနိုင်တော့ဘူး။ မျက်စိကလည်း မလန်းဆန်းတော့ဘူး။ အဲဒီကျတော့မှ
သူတို့ အသိတရားဝင်လာတယ်။ သူ့ဆီရောက်တာဟာ ငါ့တို့အတွက်ပါလားလို့ဆိုပြီး သဘောပေါက်သွားတယ်။
ဒါက မှတ်သားစရာ အလွန်ကောင်းတယ်။

   ဥပမာတစ်ခု မြန်မာပြည်မှာ ကုမ္ပဏီတွေလုပ်တယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ ကုမ္ပဏီပိုင်ရှင် ဆိုပါစို့၊ အရင်အနှီးထုတ်တဲ့
ကုမ္ပဏီပိုင်ရှင်ကို ဝန်ထမ်းတွေက ငါတို့က လုပ်ရတယ်၊ နေ့ရော ညရော၊ ငါတို့လုပ်လို့ရသမျှ ငွေကြေးအမြတ်တွေက
သူတို့ချည်းပဲ ယူတယ်ဆိုတဲ့ ဒီအမြင်မျိုး မြင်လာပြီဆိုလို့ရှိရင် ကုမ္ပဏီဝန်ထမ်းတွေက မလုပ်တော့ဘူး။ မလုပ်တော့
ကုမ္ပဏီပိုင်ရှင်ကလည်း ငွေကြေးမရဘူး။ ဘယ်သူ့ကိုထိခိုက်တုန်းဆိုတော့ ကုမ္ပဏီပိုင်ရှင်က ဝန်ထမ်းတွေမရှိတဲ့အခါ
ကုမ္ပဏီကို ပတ်လိုက်ရော။ ပိတ်လိုက်တော့ နံပါတ်တစ်ထိတာ ဘယ်သူတုန်းဆိုတော့ ဝန်ထမ်းတွေ စာဝတ်နေရေး
ဒုက္ခရောက်သွားတယ်။ အဒြီတော့ ကုမ္ပဏီငွေကြေးဓနရင်းနှီးထားတဲ့ ကုမ္ပဏီပိုင်ရှင်ကြောင့် ငါတို့ဟာ နေ့စဉ်
စားဝတ်နေရေး ပြေလည်နေတယ်ဆိုပြီး ကျေးဇူးတင်ရမှာ။ နှစ်ဦးနှစ်ဖက် အကျိုးတူပူပေါင်းပါမှ လုပ်ငန်းတစ်ခုက၊
အောင်မြင်တယ်ဆိုတာ ထင်ရှားတာပေါ့။ အဒြီလိုပူပေါင်းဆောင်ရွက်နိုင်ဖို့ရာ အင်မတန်အရေးကြီးတယ်။
အဲလို လူ့ခန္ဓာကိုယ်မှာ အခုလို ကလီစာတွေ ရန်ဖြစ်သလို လူ့အဖွဲအစည်းထဲက လုပ်ငန်းတွေမှာလည်းပဲ အဆင်မပြေဘူး၊
အတွေးတွေလွဲမှားတယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ပျက်ဆီးသွားနိုင်တယ်။

   အရေးကြီးဆုံးက နိဂုံးချုပ်အနေနဲ့ ဘုန်းကြီးတို့ သတိပေးချင်တာက Auto Immune Disease ဒီရောဂါ မစွဲကပ်ဖို့ဘဲ။
လူ့အဖွဲ့အစည်းထဲမှာ Auto Immune Disease ဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ထဲက
ဆဲလ်တွေ၊ ကိုယ့်ခန္ဓာကိုယ်ထဲက အင်အားစွမ်းရည်တွေဟာ မှောက်မှောက်မှားမှားဖြစ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ပြီး
တိုက်ခိုက်တဲ့ရောဂါမျိုး၊ အဲဒါ Auto Immune Disease ရောဂါလို့ခေါ်တယ်။ ကိုယ့်ခန္ဓာကိုယ် ပြန်ပြီးတော့ ဆိုလိုတာက
ကိုယ့်တပ်ကို ပြန်ပြီးတော့ နင်းမိတဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့နော်။ ဒီရောဂါက ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဒုက္ခပေးတာ။
တိုက်ရမှာက အပြင်ဘက်က ဝင်လာတဲ့ ဗိုင်းရပ်စ်တို့ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ပိုးမွှားတွေကို တိုက်ရမယ့်အစား
ကိုယ့်ခန္ဓာကိုယ် ပြန်တိုက်တယ်။ ပြန်တိုက်တော့ ခန္ဓာကိုယ်ထဲမှာ ရောဂါရတယ်။ အဲဒီရောဂါမျိုး မြန်မာနိုင်ငံရဲ့
လူ့အဖွဲ့အစည်းထဲမှာ မဖြစ်ပါစေနဲ့လို့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း Auto Immune Disease နော်။
ကိုယ့်အချင်းချင်း ပြန်တိုက်တဲ့ရောဂါမျိုးတွေ မဖြစ်ဘဲနဲ့ အချင်းချင်းညီညွှတ်စေ့စပ်စွာ အကျိုးတူ စိတ်ထားဖြူဖြူထားပြီး
လုပ်ဆောင်ကြရမှာ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ အဆုံးအမအတိုင်း အခု ပြောတဲ့စကားတွေဟာ ကိုးကားတာ
အကုန်လုံး ပိဋကတ်တော်ကများပါတယ်။ ဥပမာလေးတစ်ခုပဲ ဖတ်စာထဲက ပြောတာ။

   အဲဒီတော့ ဓဝိဝါဓံ ဘယတော ဒိသွာ အဝိဝါတစ္စ ခေမတော သမဂ္ဂါ သခိလာ ဟောထ ဧသာ ဗုဒ္ဓါ နုဿာသတိဓ
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူပြည်သားအားလုံးကို
ဆန့်ကျင်ဘက်စကားပြောခြင်းဟာ၊ မတူညီတဲ့ ဆန့်ကျင်ဘက်စကားတွေကို ပြောနေခြင်းဟာ အန္တရာယ်ကြီးတစ်ခု ဖြစ်ပါတယ်။
ညီညွှတ်စေ့စပ်တဲ့ စကားပြောခြင်းဟာ ငြိမ်းချမ်းသာယာမှုအတွက် အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့် ညီညွှတ်ခြင်း၊
ပေါင်းစည်းခြင်း၊ ပြေလည်ခြင်းဆိုတဲ့ အနေအထားတွေနဲ့ မိမိတို့ နေ့စဉ်ဘဝ လုပ်သင့်လုပ်ထိုက်တာတွေကို အမြင်မတူပေမယ့်
စိတ်ထားဖြူစင်ပြီး အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်ကြပါလို့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း
ရည်ညွှန်းပြီးတော့ တိုက်တွန်းခြင်းဖြစ်ပါတယ်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
( တိုင်းရေးပြည်ရေး မျှော်တွေးခြင်းအကြောင်း တရားတော်မှ)
first weekly ဂျာနယ်

bwar99.blogspot.com