Wednesday, November 29, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



   မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ
♠♠♠♠♠♠♠♠♠♠♠♠♠♠

   စာပေမှာ ဘဝနဲ့ပတ်သက်ပြီး နှစ်မျိုးခွဲခြား ပြောလေ့ရှိတယ်။ မျက်မှောက်ဘဝ နဲ့ တမလွန်ဘဝ။ အသက်ထင်ရှား ရှိနေတဲ့ အချိန်အတွင်းကာလကို မျက်မှောက်ဘဝလို့ ခေါ်တယ်။ မျက်မှောက်ဘဝကို ပါဠိစာပေမှာ `ဒိဋ္ဌဓမ္မ` လို့ သုံးတယ်။

   လက်ရှိဘဝ အဆုံးသတ်ပြီးတော့ နောက်ရလာတဲ့ဘဝကို တမလွန်ဘဝ လို့ ခေါ်တယ်။ တမလွန်ဘဝကို ပါဠိစာပေမှာ `သမ္ပရာယ` လို့ သုံးတယ်။ ဒါကြောင့် မျက်မှောက်ဘဝ ဆိုတာက တစ်ခု၊ နောင်ဖြစ်ရမယ့် တမလွန်ဘဝဆိုတာက တစ်ခုလို့ ဘဝနှစ်ရပ်ကို ခွဲခြားဖော်ပြလေ့ ရှိတယ်။

   ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာမှာ မျက်မှောက်ဘဝမှာ ရနိုင်တဲ့အကျိုးကို ဖြစ်စေတတ်တဲ့တရားနဲ့ တမလွန်ဘဝမှာ ရနိုင်မယ့်အကျိုးကို ဖြစ်စေတတ်တဲ့တရားလို့ ဒီလို နှစ်မျိုး ခွဲခြားပြီးဟောတယ်။ ဒိဋ္ဌဓမ္မဟိတ - မျက်မှောက်ဘဝမှာ အကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းတရား၊ သမ္ပရာယဟိတ - တမလွန်ဘဝမှာ အကျိုးဖြစ်ထွန်းစေမည့် အကြောင်းတရားလို့ ၂-မျိုး ရှိတယ်။ လောကလူတွေဟာ မျက်မှောက်ဘဝ အတွက်သာ အလုပ်လုပ်ကြရတာ မဟုတ်ဘူး၊ တမလွန် ဘဝအတွက်ပါ အလုပ်လုပ်ကြရတယ်။

   အတွေးအခေါ်မရှိတဲ့ တစ်ချို့လူတွေက တမလွန်အရေးကို စဉ်းစားလေ့ မရှိကြဘူး။ `မျက်မှောက်ဘဝမှာ ချမ်းသာရင်ပြီးရော၊ နောင်ဘဝ ကိုယ်သိတာမှ မဟုတ်ဘဲ` ဆိုပြီး တမလွန်ဘဝအရေးကို ပစ်ပယ်ထားကြတယ်။

   မြတ်စွာဘုရားက ----

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော၊
   ယော စတ္ထော သမ္ပရာယိကော၊
   အတ္ထာဘိသမယော ဓီရော၊
   ပဏ္ဍိတောတိ ပဝုစ္စတိ။

   ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော - မျက်မှောက်ဘဝမှာ ရရှိရမယ့်အကျိုး၊ ယော စတ္ထော သမ္ပရာယိကော - တမလွန်ဘဝမှာ ရရှိမယ့်အကျိုး၊ အတ္ထာဘိသမယာ ဓီရော - အဲဒီအကျိုး နှစ်မျိုးလုံးကို ရအောင်လုပ်နိုင်တဲ့ ပညာရှိကိုမှ၊ ပဏ္ဍိတောတိ ပဝုစ္စတိ တကယ့်ပညာရှိလို့ ခေါ်ပါတယ်။ ဒီလို ဟောတော်မူတယ်။

   ဆိုလိုတာက ဒီဘဝကောင်းစားရေး၊ နောင်ဘဝကောင်းစားရေးလို့ နှစ်မျိုးခွဲခြား စဉ်းစားရမယ်။ ဒီဘဝ ကောင်းစားရေး သက်သက်ကိုသာ လုပ်ပြီး နောင်ဘဝ ကောင်းစားရေး မလုပ်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပညာရှိ မဟုတ်ဘူး။ အမြော်အမြင်ရှိသူ မဟုတ်ဘူး။ ဥပမာ - ဒီနေ့ စားရပြီးရော၊ မနက်ဖြန်အတွက် မစဉ်းစားဘူးဆိုတဲ့ လူမျိုးဟာ ပညာမဲ့သာ ဖြစ်တယ်။

   ကဲ … စဉ်းစားကြည့်ကြရအောင် ဒီကနေ့အရေး တစ်ခုသာ စဉ်းစားမယ်၊ မနက်ဖြန်အရေး မတွေးဘူးဆိုရင် ဘာဖြစ်နိုင်မလဲ၊ ကလေးငယ်တွေ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးထားတဲ့ ပုံပြင်ကလေး တစ်ပုဒ်ရှိတယ်။ အဲဒီမှာ `ပုရွက်ဆိတ် နဲ့ နှံကောင် အကြောင်း` ကြည့်။

   `ပုရွက်ဆိတ်ကလေးတွေဟာ အလွန်အလုပ်လုပ်တဲ့ အကောင်လေးတွေ၊ နားနေတယ်မရှိဘူး။ သူတို့ အသိုက်အအုံထဲမှာ အစာတွေ ဖြည့်တင်းလေ့ရှိကြတယ်။ အမြဲတမ်း အစာရှာပြီး အစာကို သိုမှီးသိမ်းဆည်းကြတယ်။ နေ့ရောညရော ပုရွက်ဆိတ်တွေဟာ အိပ်တယ်လို့ မရှိဘူး အလုပ်လုပ်တယ်။ တစ်နေ့ရှာ တစ်နေ့စား ဒီလိုမဟုတ်ဘူး၊ အစာအာဟာရ ရိက္ခာတွေကို စုဆောင်းထားလေ့ ရှိကြတယ်။ မိုးရာသီ မိုးတွေရွာတဲ့အခါမှာ အစားအစာဒုက္ခမရောက်ရအောင် ပုရွက်ဆိတ်တွေက ကြိုတင်ပြင်ဆင်ထားကြတယ်။

   အေး .. နှံကောင်ဆိုတဲ့ အကောင်ကတော့ အဲဒီလို ပြင်ဆင်ထားခြင်း မရှိဘူး။ ဒီနေ့ရ ဒီနေ့စား၊ စားစရာတွေ သူ့အဖို့ မကုန်လောက်ဘူးလို့ ဒီလိုထင်တယ်။ မိုးတွေရွာလို့ ရေတွေ လွှမ်းသွားတဲ့အခါ နှံကောင်ဟာ စားစရာ မရှိတော့ဘူး။ စားစရာမရှိတော့ အစာငတ်ပြီး သေဆုံးရတယ်။`

   နှံကောင်က မနက်ဖြန်အရေး မတွေးဘူး၊ ဒီကနေ့အရေးပဲ တွေးတယ်တဲ့ .. နော်။ ပုရွက်ဆိတ်ကလေးတွေက ဒီနေ့ အရေးတွင်မကဘူး မနက်ဖြန်အရေးပါ တွေးတယ်။ ဒီကနေ့လည်း ဝအောင် စားမယ်၊ မနက်ဖြန်အတွက်လည်း ရှိစေရမယ်။

   မြတ်စွာဘုရားက မျက်မှောက်ဘဝမှာ ရရှိတဲ့အကျိုး၊ တမလွန်ဘဝမှာ ရရှိနိုင်တဲ့အကျိုး၊ အဲဒီ အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားရမယ်။ အဲဒီလို အကျိုးနှစ်မျိုးလုံးကို ရအောင်ကြိုးစားယူမှ တကယ့် ပညာရှိပုဂ္ဂိုလ်လို့ ဒီလို ဟောတယ်။

   အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ မျက်မှောက်ဘဝ အကျိုးအတွက်လည်း အလုပ်လုပ်ကြရမယ်၊ တမလွန်ဘဝ အကျိုးအတွက်လည်း ပြင်ဆင်ထားကြရမယ် ….။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(တမလွန်ဘဝက ဆွေမျိုးများအရေး တရားတော်မှ)

myooomg303.blogspot.com

Wednesday, November 15, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



ကိုယ့်ကိုယ်ကို အမြင်မှန်ဖို့
♣♣♣♣♣♣♣♣♣♣

နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ
တစ်နေ့တာ ဖြတ်ကျော်လာတဲ့
ငါ့ရဲ့ဘ၀ဟာ တစ်နေ့တာ အချိန်အတွင်း -
 “သူများ အသက်ကို သတ်မိသလား၊
သူများ ဥစ္စာကို မပေးဘဲနဲ့ ယူမိတာ ရှိသလား၊
သူများ သားမယားကို စိတ်နဲ့ ပစ်မှားမိတာရော ရှိလား၊
လိမ်ပြီး ပြောမိသလား၊ ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလား” လို့
ကိုယ့်ကိုယ်ကို ပြန်စစ်၊
“သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုမှု
လောဘနဲ့ တွေးမိသလား၊
လူတစ်ဦး တစ်ယောက်ကို
ပျက်စီးအောင် တွေးမိသလား၊
ကံ ကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့
အတွေးအမြင်များ ပေါ်မိသလား 
ကိုယ့်ကိုယ်ကို အမှန်အတိုင်း
ဆန်းစစ်ကြည့်ဖို့ လိုတယ်။
ဒီလို ဆန်းစစ် ကြည့်ရင် ကိုယ်လုပ်တဲ့ အလုပ်တွေ
ရှင်းရှင်း လင်းလင်း ပေါ်လာလိမ့်မယ်
 ပေါ်လာတဲ့ အခါကျရင် မကောင်းတဲ့ အကုသိုလ် အလုပ်တွေ
လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့၊ ကောင်းတာ လုပ်မိရင် ဆက်လုပ်ဖို့၊
ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာ အဲဒါကို ပြောတာ။
မကောင်းတာ လုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ်
“ဒါမျိုး မလုပ်နဲ့ လို့၊ လူဆိုတာ ဘာပဲဖြစ်ဖြစ်
သူများကျ ပြောတတ်တယ်၊
ကိုယ့်ကိုယ်ကို ကျတော့ ခွင့်လွှတ်တတ်တယ်။
ဆိုပါစို့ - ပန်းကန်လေး လွတ်ကျ သွားရင်
သူများကျ နမော်နမဲ့ နိုင်တယ်တဲ့၊ ကိုယ့်ကျတော့ မတော်တဆတဲ့၊
ကိုယ့်ကိုယ်ကျတော့ ခွင့်လွှတ်ရင်
သူများကိုလည်း ခွင့်လွှတ်တတ်အောင် ကြိုးစားကြရမယ်၊
ခုတော့ သူများလည်း မတော်တဆ၊
ကိုယ်လည်း မတော်တဆ၊ အဲဒီလို မထားနိုင်ဘူး။
 “သူက ဒီလိုချည်းပဲ၊ ငါက ဂရုစိုက်တယ်၊ သူက ဂရုမစိုက်ဘူး
 အဲဒါ ဘာပြုလို့လဲ ဆိုတော့ လူရဲ့သဘာဝက
ကိုယ့်ကိုယ်ကို ဦးစားပေးချင်တဲ့ သဘောရှိလို့၊
အဲဒီလို ကိုယ့်ကိုယ်ကို အမှန်မြင်ဖို့ လိုအပ်တယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(အတ္တာ ဟိ အတ္တနော နာထော တရားတော်မှ)


myooomg303.blogspot.com

Tuesday, November 14, 2017

ယော ဆရာတော်ကြီး



ယူတတ်သူအတွက် ကုသိုလ်ချည်းပါပဲ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ငါ ကုသိုလ်ရအောင်ရှာမယ်၊
ခန္ဓာကိုယ်ကြီး ကျွေးရမယ့်အတူတူ
ကုသိုလ်ရအောင် ငါကျွေးမယ်၊
မိသားစုတာဝန် ထမ်းရမယ့်အတူတူ
ပူပူလောင်လောင် ရှုပ်ရှုပ်ထွေးထွေး
ငါ မထမ်းဘူး။
ဒါန ဝတ်ကလေးနဲ့ ထမ်းမယ်၊
သီလ ဝတ်ကလေးနဲ့ ထမ်းမယ်၊
မေတ္တာဘာဝနာစွမ်းအားလေးနဲ့ ထမ်းမယ်၊
ဝိပဿနာအသိလေးနဲ့ ထမ်းမယ်၊
မိသားစုတာဝန် ထမ်းတာတောင်
သူ့မှာ ဝတ်ကလေးနဲ့ ထမ်းတယ်၊
ပြွတ်သိပ်ပြီးတော့ မသွားဘူး၊
အကန့်လေးတွေနဲ့ သွားတယ်၊
ဒီနေရာတော့ ဒါနရနိုင်တယ်၊
ဒါနယူထားလိုက်မှ စသည်ဖြင့်
ရှင်းရှင်းလင်းသွားတယ်ပေါ့။

အဲသလိုဆိုရင် ကုသိုလ်လည်းရ၊
ဝမ်းလည်းဝဆိုတာ ….
စီးပွားရေးအလုပ် လုပ်ရင်းနဲ့၊
အိမ်အလုပ် လုပ်ရင်းနဲ့၊
ခန္ဓာဝန် ထမ်းဆောင်ရင်းနဲ့
မကင်းနိုင်တဲ့ လူမှုရေးကိစ္စတွေ
ဆောင်ရွက်ရင်းနဲ့ ….
တစ်ခါတည်းပါသွားအောင် ယူရမှာ၊
ယူတတ်သူအတွက် ကုသိုလ်ချည်းပါပဲ …….။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး
(ကုသိုလ်လည်းရ ဝမ်းလည်းဝ တရားတော်မှ)

myooomg303.blogspot.com