Thursday, September 28, 2017

မဟာဗောဓိမြိုင်ဆရာတော်ကြီး



   ပညာဦးစီး မပြီးမရှိ
♦♦♦♦♦♦♦♦♦♦

♣ သူတော်ကောင်း အပေါင်းတို့ …..
လောဘ၏ လက်ချက်
အနိစ္စအချက်ဖြစ်သော အိုခြင်း ဇရာ၊
ဒေါသ၏ လက်ချက်
ဒုက္ခအချက်ဖြစ်သော နာခြင်း ဗျာဓိ၊
မောဟ၏ လက်ချက်
အနတ္တအချက်ဖြစ်သော သေခြင်း မရဏ၊
ဤသုံးဝသော သဘာဝတရားတို့သည် ….
သင်တို့၏ ကိုယ်နှင့် မကွေမကွာ
လိုက်ပါလျက်ကသာ ရှိဘိ၏။

♣ သတိ၊ အသိ၊ ပညာမျက်စိ မရှိက မသိရာ။
သဒ္ဓါ၊ ဝီရိယ၊ ခြေနှစ်ဖက် မချက မလွတ်ရာ။
ထို အို၊ နာ၊ သေ မီးဘေး အချိန်နှင့် စက်၍ မအေးကြရပြီ။
ထို အို၊ နာ၊ သေ ရန်ဘေး ဘဝနှင့် စက်၍လည်း မအေးကြရပြီ။

♣ သင်တို့သည် …
ထိုမျှ မီးဘေး၊ ရန်ဘေး မအေးရဘဲလျက်က
ဘာကြောင့် ….
သီလဆေး မကျွေးဘဲ နေစိမ့်ကြလေဘိသနည်း။
ဘာကြောင့် ….
သမာဓိရေအေး မတိုက်ကျွေးဘဲ နေစိမ့်ကြလေဘိသနည်း။
ဘာကြောင့် ….
ပညာလက်နက် မသုံးရက်ဘဲ ပစ်ထားကြလေဘိသနည်း။

♣ သတ္တဝါတို့သည်ကား …..
ဒုက္ခကို ကြောက်လျက် သုခကို နှစ်သက်သည်ဆို၏။
သို့စဉ်လျက် ….
ဘာကြောင့်များ ဘဝရက်ဆက်
ဒုက္ခကို တွယ်ဖက်ကြလေသည်မသိ။
ဘာကြောင့်များ ဘဝရက်ဆက်
သုခကို လက်လွတ်ထားကြလေသည်မသိ။
သုခကို သုခမှန်း မသိလေသူ
ဒုက္ခကို သုခထင်လေသူ
ထိုသူတို့အကြား ဤစကား သွားမပြောလေနှင့်။


မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၃၁)

myooomg303.blogspot.com

မင်းကွန်းဆရာတော်ဘုရားကြီး



   မှီခိုအားထား ဤဆယ်ပါး
♣♣♣♣♣♣♣♣♣♣♣

သီလဂရု၊ ဗဟုဿုတ၊
သုမိတ္တဝါ၊ သုဝါစာ၊ လိမ်မာထိုထိုမှု၊
ဓမ္မကာမ၊ အာရဒ္ဓဝိ၊ သန္တုဋ္ဌိနှင့်၊
သတိနေပက်၊ ပညာထက်၊
ဆယ်ချက်နာထစု ။


၁။ သီလဂရု = သီလကို အလေးပြု စောင့်ထိန်းခြင်း ။
၂။ ဗဟုဿုတ = သီလ သမာဓိ ပညာ နှင့်စပ်သော တရားစကားကို များစွာကြားနာခြင်း ။
၃။ သုမိတ္တဝါ = သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ တရားတို့နှင့် ပြည့်စုံသည့် မိတ်ဆွေကောင်းကို ပေါင်းသင်းလေ့ရှိခြင်း
၎။ သုဝါစာ = ပညာရှိသူတော်ကောင်းတို့က ဆိုဆုံးမလျှင် ဆန့်ကျင်ဘက် မပြောဆိုဘဲ ရိုသေစွာ နာယူခြင်း ။
၅။ လိမ်မာထိုထိုမှု = တရားကျင့်ဖော်ကျင့်ဘက်တို့၏ အမှုကိစ္စတို့၌ ထကြွလုံ့လ ဝီရိယရှိရှိ ကျွမ်းကျင်လိမ်မာစွာ ကူညီဆောင်ရွက်ခြင်း ။
၆။ ဓမ္မကာမ = သူတော်ကောင်းတရားတို့ကို အလိုရှိခြင်း၊ တရားတော်ကို လိုလိုချင်ချင် နာယူ ပြောဆိုလေ့ရှိခြင်း ။
၇။ အာရဒ္ဓဝိ = အကုသိုလ်တရားတို့ကို ပယ်ရှားဖို့ရန် ကုသိုလ်တရားတို့၌ လုံ့လ ဝီရိယရှိရှိ အားထုတ်ခြင်း ။
၈။ သန္တုဋ္ဌိနှင့် = မိမိထင်ရှားရှိသော ပစ္စည်းများဖြင့်သာ တင်းတိမ်ရောင့်ရဲ ကျေနပ်ခြင်း၊ မိမိ၌မရှိသည့် ပစ္စည်းများကို မလိုလား မတောင့်တခြင်း ။
၉။ သတိနေပက် = ကာယ, ဝေဒနာ, စိတ္တ, ဓမ္မ လေးဌာနတို့၌ ရင့်ကျက်ထက်သန့်သည့် ပညာပါရှိသော သတိနှင့် ပြည့်စုံခြင်း ။
၁၀ ။ ပညာထက် = ခန္ဓာငါးပါး ရုပ်တရားတို့၏ အဖြစ်အပျက်ကို သိမြင်ဆင်ခြင်တတ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း ။
ဆယ်ချက်နာထစု = ဤတရားဆယ်ပါးကို နာထတရားဆယ်ပါး (နိဗ္ဗာန်ကို ရရှိရန် စိတ်ချယုံကြည်စွာ အားကိုးပြုရသည့် တရားဆယ်ပါး) ဟူ၍ ခေါ်သည် ။


မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီး
(ကျင့်သုံးဖွယ်ရာ ဆုံးမစာများ မှ)

myooomg303.blogspot.com

Saturday, September 23, 2017

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)



    သူ့အကြောင်းကို မသိရင် ခက်မယ်
☺☺☺☺☺☺☺☺☺☺☺☺

♦ လူတွေဟာ ကိုယ့်အကြောင်းကို
မသိဆုံးပဲ။
ပြင်ပအကြောင်းတွေ သိတာ
အင်မတန်များတယ်။
လူတွေကတော့ ကိုယ့်အကြောင်းကိုယ်
သိတယ်လို့ ထင်မှာပဲ။
တကယ်တော့ မသိဘူး။ အထင်ပဲ။
`ငါ့စိတ်` `ငါ့စိတ်` လို့သာ ပြောနေတာ
တကယ်တော့ ငါ့စိတ်အကြောင်း ငါမသိဘူး။
သိတယ်လို့ ထင်နေတာပဲ။
ဒီစိတ်က တွန်းသမျှ ခိုင်းသမျှ
အားလုံးကို လျှောက်လုပ်နေတယ်။

♦ စိတ်အကြောင်းကို တကယ်သိသွားရင်
စိတ်က ခိုင်မာရင့်ကျက်လာမယ်။
အေးချမ်းလာမယ်၊ တည်ငြိမ်လာမယ်။
အရာရာတိုင်းကို စိတ်က လွှမ်းမိုးတယ်။
စိတ်ကို တကယ်သိသွားရင်
အဲဒီစိတ်က လွှမ်းမိုးတာ၊ ချုပ်ချယ်တာ၊
နှိပ်စက်တာ မခံရတော့ဘူး။
ကိုယ့်ကို အနှိပ်စက်ဆုံးဟာ
သူတစ်ပါး မဟုတ်ဘူး၊ ကိုယ့်စိတ်ပဲ။
ဒါကြောင့် သူ့အကြောင်းကို မသိရင် ခက်မယ်။

♦ ကိုယ့်စိတ်မှာ ဖြစ်သမျှကို
သတိထားပြီး ကြည့်နေရင်
ကိုယ့်စိတ်ကို ရှင်းပြီးသား ဖြစ်သွားတယ်။
အရေးကြီးတာက နေ့စဉ်နေ့စဉ်
ကိုယ့်စိတ်ရဲ့ တံခါးဝမှာ သတိဆိုတဲ့
အစောင့်လေးရှိဖို့ လိုတယ် …..။


ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
(သတိနဲ့ ကိုယ့်စိတ်ကိုကိုယ် သိ မှ)

myooomg303.blogspot.com