Saturday, March 3, 2018

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



   ပရဟိတနှစ်မျိုးစလုံးလုပ်မှ သာသနာနဲ့တွေ့ရကျိုးနပ်မယ်
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

ဗုဒ္ဓဆိုတာ ပရဟိတရဲ့ သင်္ကေတပါ။
သစ္စာလေးပါး အမှန်တရားကို
ကိုယ်ကိုယ်တိုင်လည်း သိ၍
သူတစ်ပါးတို့ကိုလည်း သိအောင်
ဟောနိုင်စွမ်းသူကို ဗုဒ္ဓလို့ ခေါ်တာလေ ….။

ဘုရားဖြစ်ပြီးတဲ့နောက်
ပရိနိဗ္ဗာန်စံတော်မူခါနီးအချိန်အထိ
တရားဓမ္မတွေ မနားမနေ ဟောကြားပေးနေတာ
သတ္တဝါတွေအတွက် အကြီးမြတ်ဆုံးသော
ပရဟိတအလုပ် လုပ်တော်မူတာပါပဲ။
တစ်လောကလုံးမှာ ပရဟိတစိတ်ဓာတ်အရှိဆုံးနဲ့
ပရဟိတ အလုပ်နိုင်ဆုံးပုဂ္ဂိုလ်ဟာ
ဗုဒ္ဓ မြတ်စွာဘုရားပါ ….။

မြတ်ဗုဒ္ဓရဲ့ ပရဟိတဟာ
အရေအတွက်အားဖြင့်ရော၊ အရည်အသွေးအားဖြင့်ပါ
တစ်လောကလုံးမှာ အကြီးကျယ်ဆုံးပါပဲ။
တရားဂါထာလေး တစ်ပုဒ်၊ တစ်ကြိမ် တစ်ခါဟောလိုက်ရုံနဲ့
ကျွတ်တမ်းဝင်သွားကြတဲ့ သတ္တဝါတွေ အသေင်္ချေအနန္တရှိပါတယ်။
အရည်အသွေးအားဖြင့်လည်း စားဝတ်နေရေး၊
ကျန်းမာရေး စတဲ့ လောကီကောင်းကျိုးတွေ
ပြည့်စုံသွားရုံမျိုး မဟုတ်ပါဘူး။
တစ်လောကလုံးမှာ အကောင်းဆုံးဖြစ်တဲ့ ချမ်းသာ၊
ဘယ်တော့မှ မပျက်စီးနိုင်တဲ့ ထာဝရချမ်းသာနိဗ္ဗာန်ကို
အပြီးတိုင် ဆိုက်ရောက်ပြီး
သံသရာရဲ့ ဆင်းရဲဒုက္ခအားလုံးကနေ
လွတ်မြောက်သွားကြတာပါပဲ ….။

ပရဟိတက
ကရုဏာအရင်းခံတဲ့ ပရဟိတနဲ့
ပညာအရင်းခံတဲ့ ပရဟိတဆိုပြီး
နှစ်မျိုး ရှိပါတယ်။
စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့ လူမှုလိုအပ်ချက်တွေကို
 ဖြည့်ဆည်းပေးတဲ့ ပရဟိတက
ကရုဏာအရင်းခံတဲ့ ပရဟိတပါ ….။

ရတနာသုံးပါး ပူဇော်မှု၊
ပရိယတ်ပဋိပတ် အားပေးမှု၊
အသိပညာ၊ အတတ်ပညာ သင်ကြားပေးမှု စတဲ့
ဓမ္မဆိုင်ရာ၊ ပညာဆိုင်ရာ လိုအပ်ချက်တွေ
ဖြည့်ဆည်းပေးတဲ့ ပရဟိတကတော့
ပညာအရင်းခံတဲ့ ပရဟိတပါ ….။

ဘယ်သူဖြစ်ဖြစ် လူမှန်ရင်
ကရုဏာရော ပညာပါ ပြည့်စုံမှ
မြင့်မြတ်တဲ့လူလို့
သတ်မှတ်နိုင်ပါတယ်။
ကရုဏာအရင်းခံ ပရဟိတရော
ပညာအရင်းခံ ပရဟိတပါ
ပရဟိတနှစ်မျိုးစလုံး လုပ်မှ
ဘုရားသာသနာနဲ့
တွေ့ရကျိုးနပ်ပါလိမ့်မယ် …..။


ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(၃၉ ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ မှ ဓမ္မစကား)
(စံတော်ချိန် သတင်းစာ)


myooomg303.blogspot.com

သီတဂူဆရာတော်ကြီး



    ရတနာသုံးပါးကို ဘာကြောင့်ကိုးကွယ်သလဲ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦

   ဗုဒ္ဓကို ကိုးကွယ်ရာမှာ တို့လူသားတွေဟာ ကြောက်စိတ်နဲ့ ကိုးကွယ်ကြရတာ မဟုတ်ဘူး။ သစ္စာကို သိလိုတဲ့အနေနဲ့ ကိုးကွယ်ကြရတာ။ မြတ်ဗုဒ္ဓဟာ ငါတို့တစ်တွေကို သစ္စာတရား အမှန်တရားကို ဟောပြပေးမယ့် သင်ပြပေးမယ့် ဆရာ (သင်ပြပေးထားခဲ့တဲ့ဆရာ) ဆိုပြီး ကိုးကွယ်ကြရတာ။ ကြောက်လို့ ကိုးကွယ်တာ မဟုတ်ဘူး။ သစ္စာလေးပါး ပြပေးမယ့် ဆရာအနေနဲ့ ကိုးကွယ်ကြရတာ။

   ပြီးတော့ ဗုဒ္ဓဟောကြားတဲ့ တရားတော်ကို ကိုးကွယ်တာဟာ တရားစာအုပ် ကျမ်းစာအုပ်ကို ရှိခိုးတာလည်း မဟုတ်သေးဘူး။ ဓမ္မကို ကိုးကွယ်တာလည်း အဲဒီ သစ္စာတရားကို သိရဖို့ ကျင့်ရဖို့ရာအတွက် ကိုးကွယ်တာ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ဆိုတာ အဲဒီ ဓမ္မကို ကျင့်သုံးပြီးနေရမှာ။ ဓမ္မကို မကျင့်သုံးရင် အဲဒီ ဓမ္မံ သရဏံ ဂစ္ဆမိ ဆိုတာဟာ မပြည့်စုံသေးဘူး။ ဘုန်းကြီးတို့ ပရိသတ် ကိုးကွယ်မှု ပြည့်စုံသွားအောင် လုပ်ကြ၊ ကြိုးစားကြပါ။

   နောက်ပြီး သံဃာကို ဘာကြောင့် ကိုးကွယ်ရတာလဲဆိုတာကို ကြည့်လိုက်ပါ။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဒီကနေ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ခရီးမှာ ဒီလို သစ္စာတရား အမှန်တရားတွေကို မကွယ်မပျောက်ရလေအောင် နှုတ်အဆင့်ဆင့်ကမ်းပြီး သယ်ဆောင်လာတာဟာ ဒီ သံဃာတော်တွေပါ။ အဲဒါကြောင့် ဒီလို ဗုဒ္ဓရဲ့ အမှန်တရား သစ္စာတရားကို မကွယ်မပျောက်အောင် နှစ်ပေါင်းများစွာ ထိန်းသိမ်းတော်မူကြတဲ့ သံဃာတော်များရဲ့ ကျေးဇူးဟာ ကြီးမားလှပါပေတယ်လို့ ရှိခိုးခြင်း ကိုးကွယ်ခြင်းဟာ သံဃံ သရဏံ ဂစ္ဆာမိ ဖြစ်ပါတယ်။

   ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပိုင်းမှာ သရဏဂုံတည်ဆောက်ပုံက ဒီလိုဖြစ်ရမှာ။ အဲဒါကြောင့် ဗုဒ္ဓဉ္စ၊ ဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာ ဟူ၍။ ဂတော၊ ဆိုက်ရောက်နေကြပါတယ်။

   အဲဒီလို ဆည်းကပ် ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာအကျိုးကိုရမလဲ ဆိုရင် ကိုယ့်ကိုယ် ကယ်တင်ဖို့ရာလည်း မမျှော်ပါဘူး။ ခွင့်လွှတ်ဖို့လည်း မမျှော်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကယ်တင်မှ ခွင့်လွှတ်မှသာ ဖြစ်တာပါ။ အဲဒီတော့ ဘာအကျိုးရသလဲဆိုတော့ ….

   စတ္တာရိ၊ လေးပါးကုန်သော။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ သမ္မပ္ပညာယ၊ မှန်ကန်သောဉာဏ်ပညာဖြင့်။ ပဿတိ၊ မြင်ရတယ်, မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်လို့ရှိရင် သစ္စာလေးပါးကို မြင်နိုင်တယ်။ ဗုဒ္ဓ ဓမ္မ သံဃကို ဘာ့ကြောင့် ကိုးကွယ်ရသလဲဆိုရင် သစ္စာသိဖို့ ကိုးကွယ်တယ်လို့ ပိုင်ပိုင်နိုင်နိုင်သာ ဘုန်းကြီးတို့ ပရိသတ် မှတ်ထားကြပေတော့၊ ဟုတ်လား။ တခြားကြောင့် မဟုတ်ဘူး။ သစ္စာသိဖို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်နေကြတယ်။

   သစ္စာမသိရင် ဘာဖြစ်နိုင်သလဲဆိုတော့ သစ္စာကို မသိရင် ဒုက္ခက မလွတ်နိုင်ဘူး။ သစ္စာမသိရင် ကိုယ့်ဘဝကိုယ် ကယ်တင်လို့ မရဘူး။ ကိုယ့်ဘဝကို ကိုယ်ကယ်တင်မှ ဖြစ်မှာ။ သစ္စာဉာဏ် အမှန်တရားကို ကိုယ်တိုင်မသိကြရင် ခုလိုပဲ ဒုက္ခရောက်ကြရမယ် မှတ်ထား။ အဲဒါကို …

   ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏ မုတ္တမံ။
   ဧတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

   ဧတံ သရဏံ၊ ထို ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ခြင်းသည်။ ခေမံ၊ ဘေးကင်းတယ်။ (ဘုရားရှိခိုးတာ ဘာအပြစ်မှ မရှိဘူး။ မရှိခိုးလို့လည်း ဘုရားက ဘာအပြစ်မှ မယူဘူး။ ငါဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ကယ်တင်မယ်လို့လည်း ဗုဒ္ဓက မခွဲခြားပါဘူး။ အဲဒါကြောင့် ဘေးကင်းတယ်။)

   ဧတံ သရဏံ၊ ထိုသို့ ဗုဒ္ဓ ဓမ္မ သံဃကို ကိုးကွယ်ဆည်းကပ်ခြင်းသည်။ ဥတ္တမံ၊ မြင့်မြတ်တဲ့ ကိုးကွယ်ခြင်းဖြစ်တယ်။ ဧတံ သရဏံ၊ ဤသို့ ကိုးကွယ်ခြင်းကို။ အာဂမ္မ၊ အကြောင်းပြု၍။ (သဗ္ဗေ၊ အလုံးစုံကုန်သော။ သတ္တာ၊ လူနတ်ဗြဟ္မာ သတ္တဝါအနန္တတို့သည်။) သဗ္ဗဒုက္ခာ၊ အလုံးစုံသော ဒုက္ခအပေါင်းမှ။ ပမုစ္စတိ (ပမုစ္စန္တိ)၊ ကောင်းစွာမသွေ လွတ်မြောက်တော်မူနိုင်ကြပါစေကုန်သတည်း ….။

     သာဓု .. သာဓု .. သာဓုပါ ဘုရား။


သီတဂူဆရာတော်ကြီး
ဒေါက်တာအရှင်ဉာဏိဿရ
(အမြတ်ဆုံးရတနာကိုးကွယ်ပါ တရားတော် မှ)

myooomg303.blogspot.com